နိုင်ငံခြားသွားမယ်ဆိုရင် အပိုင်း(၈) E-mail
User Rating: / 0
PoorBest 

 

၎-၄-ဝ၆


(နိုင်ငံခြားကိုသွားဖို့ စိတ်ကူးနေတဲ့၊ ကြိုးစားနေတဲ့မြန်မာလူငယ်တွေအတွက် နိုင်ငံခြားသွားရင် ကြုံတွေ့ရမယ့်၊ ရင်ဆိုင်ရမယ့် ပြဿနာအခက်အခဲတွေကို ရင်ဆိုင်ဖို့ရာ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ သိထားသင့်တဲ့ အချက်အလက်တွေကို ရေးနေပါတယ်။ ပြီးခဲ့တဲ့လကတော့ စင်္ကာပူသွားပြီး ကျောင်းတက်မယ့် မြန်မာလူငယ် လေးတွေအတွက် ရည်ရွယ်ပြီး စင်္ကာပူကမြန်မာတွေအကြောင်း ရေးခဲ့ပါတယ်။)

စင်္ကာပူကကျောင်းတွေ
စင်္ကာပူမှာကျောင်းသွားတက်မယ်ဆိုရင် ကျောင်းတွေအများကြီးရှိတယ်လို့ ပြောရပါမယ်။ ကျွန်တော် သိသလောက် စင်္ကာပူကကျောင်းတွေကို အကြမ်းဖျဉ်းခွဲခြားပြီး ပြောရမယ်ဆိုရင်တော့ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကကျောင်းလို့ (၂)ခုခွဲပြောရပါမယ်။ အစိုးရကျောင်းတွေကတော့ ပိုလီကျောင်းတွေနဲ့ အစိုးရတက္ကသိုလ် National University of Singapore NUS ပေါ့။ ဒီအစိုးရကျောင်းတွေကတော့ ထောက်ပံ့ကြေး Scholarship ပေးလေ့ရှိတယ်။ ဒါကြောင့် အစိုးရကျောင်းတက်ရတာက စရိတ်စက အရမ်းသက်သာတယ်။ ဒီကျောင်းတွေ မှာတက်မယ်ဆိုရင် နေထိုင်ခွင့်ဗီဇာအတွက်လည်း ပြဿနာမရှိဘူး။ ဒီကျောင်းတွေက ကျောင်းသားနေထိုင်ခွင့် ဗီဇာကဒ်ပြားလေးရရင် အားလပ်ချိန်မှာ တရားဝင်အလုပ်ဝင်လုပ်လည်း ရတယ်။ ပုဂ္ဂလိကကျောင်းတွေ ကတော့ အများကြီးပဲ။

အဆင့်အတန်းမျိုးစုံ သိပ်ကွဲပြားလွန်းတယ်။ ကျောင်းလခပဲယူပြီး ကျောင်းသားကဒ် လောက်ပဲ ထုတ်ပေးတယ်၊ စာလည်းဟုတ်တိပတ်တိ မသင်ဘူးဆိုတဲ့ကျောင်းတွေက တစ်ပုံတခေါင်း။ အဲလို ကျောင်းတွေကို တက်တဲ့သူတွေကလည်း စာသင်ချင်လို့မဟုတ်ဘူး။ စင်္ကာပူမှာ နေထိုင်ခွင့် ရရင်ပြီးရောဆိုပြီး ကျောင်းလခသွင်း၊ ကျောင်းသားဗီဇာ လျှောက်ရုံ သက်သက်ပဲလေ။ အဲလို ကျောင်းမျိုး တွေရှိသလို တစ်နှစ်ကို ကျောင်းလခ စင်္ကာပူဒေါ်လာ သောင်းနဲ့ချီပေးရပြီး ဝင်ခွင့်လည်း အရမ်းခက်ခဲတဲ့ ကျောင်းကြီးတွေ ရှိသေးတယ်။ ဥပမာ SMU လို့ခေါ်တဲ့ Singapore Management University နဲ့ SIM လို့ခေါ်တဲ့ Singapore Institute Management  ဆိုရင် ဝင်ခွင့်ရဖို့ကို အရမ်းခက်တယ်။ အင်္ဂလန်၊ အမေရိကန်က တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ထားပြီး ဘွဲ့ကိုလည်း အဲဒီနိုင်ငံတွေမှာ သွားယူလို့ရအောင် လုပ်ပေးထားတယ်။ ဆိုလိုတာက စင်္ကာပူက ပုဂ္ဂလိကကျောင်းဆိုတာရောက်တော့ သေချာမလေ့လာဘဲသွားပြီး ကျောင်းလခ သွင်းလိုက်ပြီးတော့မှ မရေမရာလုပ်စားနေတဲ့ကျောင်းက သင်တန်းမျိုးဖြစ်နေရင် မြန်မာလူငယ်တွေ နစ်နာမှာပေါ့။ မြန်မာပြည်မှာလည်း အဲလို နာမည်မျိုးစုံနဲ့ သင်တန်းမျိုးစုံ ရှိတာပဲလေ။ သိတဲ့အတိုင်း ဘယ်နိုင်ငံမှာမဆို ပုဂ္ဂလိက သင်တန်းတွေ၊ ကျောင်းတွေရဲ့အဆင့်တွေက အမျိုးမျိုးကွဲပြားလွန်းတယ်။ ကိုယ့်နိုင်ငံမှာတောင် ကွန်ပြူတာ သင်တန်းတက်ချင်ရင် ဘယ်ကျောင်းတက်ရမှန်း မသိလောက်အောင် များပြားခြားနားလွန်းတယ်။ စင်္ကာပူမှာဆိုရင်တော့ ပြောမနေနဲ့တော့။ ကျောင်းလမ်းညွှန်စာရွက်တွေကို ဖတ်ကြည့်မယ်ဆိုရင် သူ့ကျောင်းကဘွဲ့က စင်္ကာပူမှာ အမြင့်ဆုံး၊ အင်္ဂလန်၊ သြစတြေးလျတက္ကသိုလ်တွေနဲ့ အဆင့်တူ၊ သူ့ကျောင်းကအောင်ပြီးရင် ဘယ်မှာသွားလုပ်လုပ် ရတယ်ဆိုတာမျိုးတော့ ရေးကြတာပေါ့။ ဒါပေမယ့်လို့လည်း ဘယ်လိုပဲ ကျောင်းကောင်းကြောင်းတွေ ရေးထားရေးထား အကျိုးမရှိဘဲ ဖြစ်နိုင်ပါတယ်။ တချို့မြန်မာလူငယ်တွေ ရောက်တော့လည်း သိသိကြီးနဲ့ ခပ်ညံ့ညံ့ ဈေးချိုချိုကျောင်းတွေမှာ သင်တန်းကြေး သွင်း၊ ကျောင်းသားဗီဇာ လျှောက်ပြီး စင်္ကာပူမှာ နေလို့ရရုံပဲ လုပ်ထားတယ်။ ပြီးတော့မှ ကျောင်းမတက်ဘဲ ဒီ့ပြင် အချိန်ပိုင်း (Part-time) အလုပ်တွေလုပ်တယ်၊ အချိန်ပိုင်းအလုပ်တွေကို လျှောက်တယ်၊ အလုပ် အင်တာဗျူးတွေ လိုက်ဖြေတယ်၊ ကျောင်းတက်တယ်ဆိုတဲ့ ဗီဇာလေးနဲ့တည်းပြီး စင်္ကာပူမှာ နေနေတာပေါ့။ အဲလိုရုန်းကန်ကြိုးစားရင်းနဲ့ အဆင်ပြေသွားတဲ့ မြန်မာလူငယ်တွေလည်း အများကြီးတွေ့ဘူးပါတယ်။ ခုနကပြောသလို ပေါပေါပဲပဲ စင်္ကာပူကျောင်းတွေရှိသလို အရမ်းအဆင့်မြင့်တဲ့ ကျောင်းကြီးတွေကလည်း စင်္ကာပူမှာ မနည်းပါဘူး။ အင်ဂျင်နီယာ၊ ဟိုတယ်လုပ်ငန်း၊ ဘဏ်အတတ်ပညာ၊ စီမံခန့်ခွဲရေး လိုင်းပေါင်းစုံမှာ အဆင့်မြင့်ကျောင်းကြီးတွေ ရှိပါတယ်။ စင်္ကာပူမှာ ကျောင်းသွားတက်မယ့် လူငယ်တွေအနေနဲ့ စင်္ကာပူမှာ အမျိုးမိတ်ဆွေအခံ ရှိရင်ရှိ၊ မရှိရင် ကျောင်းသားတွေ အတွက် လုပ်ပေးနေတဲ့ ပွဲစားကုမ္ပဏီတစ်ခုခုနဲ့ ဆက်သွယ်ပြီးကျောင်းရွေးမှ ဖြစ်မှာပါ။ သိပ်နာမည်ကြီးတဲ့ ကျောင်းကြီးတွေ ဥပမာ-SMU လို SIM (Big names)တွေကတော့ ရွေးတာ ပြဿနာမရှိဘူး။ အလယ်အလတ်နဲ့ အောက်ခြေ ပုဂ္ဂလိကကျောင်းလေးတွေက စင်္ကာပူမှာ ပွစိတက်နေတာ။ နိုင်ငံခြားဆိုလို့၊ စင်္ကာပူဆိုလို့ အစစ အရာရာအထင်ကြီးရင် မှားသွား ပါလိမ့်မယ်။ စင်္ကာပူတင်မကပါဘူး၊ နိုင်ငံခြားဆိုတာတွေမှာလည်း လူလိမ်လူရှုပ်၊ ကလိမ်ကကျစ်တွေက အပြည့်ပါ။ စင်္ကာပူမှာတော့ စနစ်ရှိမှာပဲ၊ မဟုတ်တာလုပ်မှာ မဟုတ်ဘူးလို့ မအောက်မေ့ပါနဲ့၊ ဘွတ်နဲ့ရွှတ်နဲ့ ဘောင်းဘီ၊ နက်ကတိုင်ဝတ်ထားပြီး အင်္ဂလိပ်လို တွေပြောနေလို့ တအံ့တသြနဲ့ အထင်ကြီးစရာမလိုပါဘူး၊ အဲဒီလူတွေလည်း လူသားတွေပါပဲ လူတွေရဲ့သဘောသဘာဝအတိုင်း ကိုယ့်အပေါ်မှာ လိမ်သွားနိုင်တယ်၊ ညာသွားနိုင်တယ်၊ ညစ်သွားနိုင်တယ်ဆိုတာ အမြဲသတိထားရပါမယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့် တိုင်းပြည်မှာ မဟုတ်တော့ ပိုလို့တောင် ဂရုစိုက်ရပါမယ်။ ဒီလိုပြောလို့ စင်္ကာပူဆိုတာ ကြောက်စရာကြီး လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သတိဆိုတာလေးရှိဖို့နဲ့ နိုင်ငံခြားသားကို တအားကြီး အထင်မကြီးဖို့၊ ဂရုစိုက်ဖို့ ပြောတာပါ။

စင်္ကာပူပီအာရ် PR
စင်္ကာပူအစိုးရကျောင်းတွေတက်ရတာ ဘွဲ့ရပြီးလို့ရှိရင် ဘဝရှေ့ရေးလည်း သေချာတယ်လို့ ပြောရ မှာပေါ့။ ဘာလို့လဲဆိုတော့ ဘွဲ့ရပြီးလို့ အလုပ်လျှောက်လိုက်တာနဲ့ အလုပ်ရှင်က တစ်ခါတည်း ပီအာရ် (PR) ကို ထောက်ခံပြီး တန်းတင်ပေးတယ်။ ပီအာရ်ဆိုတာက စင်္ကာပူနိုင်ငံမှာ အမြဲတန်း နေထိုင်ခွင့်ကို ပြောတာ၊ Permanent  Residence ပေါ့။ ပါမင်းနင့် Permanent ဆိုတာက အမြဲတန်း၊ ရဲဆီးဒင့်စ် Residence ဆိုတာက နေထိုင်တာ။ PR ဆိုတော့ စင်္ကာပူနိုင်ငံမှာ အမြဲနေထိုင်ခွင့် ပေးလိုက်တဲ့သဘောပေါ့။ PR ရပြီဆိုရင် PR ကဒ်ပြားလေး ထုတ်ပေးလိုက်ပါတယ်။ PR ကဒ်ပြားလေးမှာတော့ (၅)နှစ် နေထိုင်ခွင့် ပြုတယ်ဆိုတာ ပါတယ်။ (၅)နှစ်တစ်ခါတော့ ကဒ်လဲရတာပေါ့။ ကဒ်လဲတဲ့အချိန်မှာ အလုပ်တစ်ခုခုရှိနေရင် ပြီးတာပဲ။ အဲလို စင်္ကာပူအစိုးရကျောင်းက ပြီးတဲ့သူဟာ အလုပ်တစ်ခုခုလျှောက်လိုက်လို့ရတာနဲ့ အလုပ်ရှင်က PR ထောက်ခံ ပေးလိုက်ပြီး တစ်လအတွင်းမှာ PR ကျတာဟာ တကယ့်ကို အစိုးရကျောင်းတက်ရတာရဲ့ အားသာတဲ့ အချက်ပါ။ PR ကျပြီဆိုတာနဲ့ ဘဝက လုံးဝကို ပြောင်းသွားတာ။ အလုပ်လျှောက်ရတာမှာလည်း အရမ်း လွယ်ကူသွားတယ်။ နည်းနည်းမြင့်တဲ့ အလုပ်တော်တော်များများ ခေါ်တဲ့ကြော်ငြာတွေမှာ Singapore PR only ဆို တဲ့ စကာင်္ပူ ဏျွ ရပြီးသားသူများသာ ဆိုတာက ပါနေတာ။ အင်တာနက်တပ်ဖို့ သွားလျှောက်မယ်ဆို ရင်လည်း PR ရှိမှသာ၊ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆို သွားကြည့်လိုက်တိုင်း PR only ဆိုတဲ့စာတွေက ပါပါနေတာ။  PR ရှိမှအလုပ်ကဖြစ်တာ။ ပြီးတော့ အလုပ်တစ်ခုနားပြီး နောက်အလုပ်သစ်ရှာချင်တယ် ဆိုရင်လည်း PR သမားက အေးအေးဆေးဆေးနားနားနေနေ ရှာလို့ရတယ်။ လောစရာမလိုဘူး၊ စိတ်ကြိုက် အလုပ်ကို ထိုင်စောင့်ပြီး ရွေးလို့ရတယ်။ ဗီဇာအတွက် ခေါင်းရှုပ်စရာ မလိုဘူး။ work permit နဲ့ အလုပ် လုပ်တဲ့လူက အလုပ်တစ်ခုပြီးပြီဆိုရင် နောက်အလုပ်မရခင်မှာ စင်္ကာပူမှာ ဆက်နေဖို့က ပြဿနာ၊ စိတ် သိပ်မောရတယ်။PR သမားက ဒူးနှံ့နေရုံပဲ။ အလုပ်လုပ်ရင် PR သမားတွေမှာ စင်္ကာပူအစိုးရက လခထဲကနေ ငွေဖြတ်ပြီး ပင်စင်သဘောမျိုး ငွေစုပေးတယ်။ အဲဒီလို ငွေစုပေးတာကို Central Providence Fund (CPF) လို့ခေါ်တယ်။ အတိုကတော့ CPF ပေါ့။ ပင်စင်ယူတဲ့အချိန်မှာ CPF ကို ပြန်ထုတ်လို့ရတယ်။ ကိုယ့်ပိုက်ဆံ ကိုယ်ပြန်စုတယ်ဆိုပေမယ့်လို့ တချို့ အလုပ်တွေမှာရောက်တော့ အလုပ်ရှင်က ထပ်ဆောင်း ပေးသေးတယ်။ ကိုယ်ရတဲ့ (Allowance) ရဲ့ ဆယ်ရာခိုင်နှုန်းကိုဖြတ်ပြီး အစိုးရက လစဉ် CPF စုပေးတယ်ဆိုပါစို့။ အလုပ်ရှင်က ကိုယ့်ပိုက်ဆံနဲ့ညီမျှတဲ့ ပမာဏကို ကိုယ့်ရဲ့ CPF ထဲကို လစဉ်ထည့်ပေးတယ်။ လောလောဆယ် ကိုယ်သုံးဖို့မရပေမယ့် စုမိနေတာ ကိုယ့်ပိုက်ဆံပဲလေ။ PR ရဲ့ အကျိုးကျေးဇူးတွေပေါ့။ PR ဆိုရင် အိမ်၊ မြေ၊ တိုက်ခန်း၊ ဆိုင် ဝယ်ခွင့်ရှိသွားပြီ။ လုပ်ငန်းတွေ လုပ်ခွင့်ရှိသွားပြီ၊ အိမ်ထောင်သည် PR ဆိုရင် ဈေးအရမ်းချိုတဲ့ HDB လို့ခေါ်တဲ့ Housing Development Board စင်္ကာပူအစိုးရ အိုးအိမ်ဖွံ့ဖြိုးရေးဌာနက ဆောက်ထားတဲ့ တိုက်ခန်းတွေ ဝယ်ခွင့်ရှိသွားပြီ။ ဒါဟာ စင်္ကာပူက အစိုးရကျောင်းတက်လို့ PR  ရရင်၊ ရမယ့် အခွင့်အလမ်းတွေကို ပြောပြနေတာပါ။ PR ရရင် ကိုယ်တင်မကဘူး၊ ကိုယ့်ရဲ့အမေ၊ အဖေ၊ အိမ်ထောင်ဖက် ကို စင်္ကာပူမှာ နှစ်ရှည်နေထိုင်ခွင့် ကဒ်ပြားလျှောက်လို့ရသေးတယ်။ ကိုယ့်မိဘတွေ စင်္ကာပူကို ခေါ်လိုက်၊ လိုအပ်တဲ့ ထောက်ခံစာ ကိုယ့်ရဲ့ PR ကဒ်မိတ္တူနဲ့ ပုံစံတွေ ဖြည့်ပြီးလျှောက်လိုက်ရင် ဆေးစစ်ဖို့ ပုံစံကို (၂)ပတ်လောက် ကြာရင်ပို့တယ်။ လူဝင်မှုကြီးကြပ်ရေးက အသိအမှတ်ပြုတဲ့ဆေးခန်းတစ်ခုခုမှာသွား၊ စင်္ကာပူ ဒေါ်လာ (၁၂ဝ) ပေးပြီး အသည်းရောင်အသားဝါဘီပိုး၊ HIV ပိုး သွေးစစ်၊ စမ်းသပ်ခံ၊ ဓါတ်မှန်ရိုက်ရတယ်။ အဲဒီလို ဆေးစစ်ပြီး ဆေးလက်မှတ်ရရင် Immigration and Check point Authority (ICA) လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကြီးကို ပြန်ပို့လိုက်၊ နောက် (၂)ပတ်လောက်နေရင် စင်္ကာပူမှာ (၅)နှစ်နေ ထိုင်ခွင့်ကဒ်ပြား ထုတ်ပေးလိုက်တယ်။ အဲဒီကဒ်ပြားက PR နဲ့တော့ ကွာတာပေါ့။ နေထိုင်ခွင့်က Long stay pass ဆိုတဲ့သဘောပေါ့။ အဲလို ကဒ်လေးတွေ ရပြီဆိုရင် ကိုယ့်မိဘတွေ ကိုယ့်စီလာလည်တာ လွယ်သွားတာ ပေါ့။ ဗီဇာတွေဘာတွေလည်း လျှောက်စရာ မလိုတော့ဘူး။ စင်္ကာပူလေဆိပ်ရောက်တော့လည်း လူတွေ အများကြီး တန်းစီနေတဲ့ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ သူများတွေနဲ့ရောပြီး တန်းစီနေစရာ မလိုဘူး။ စင်္ကာပူနိုင်ငံသားများနဲ့ နေထိုင်ခွင့်ကဒ်ပြားကိုင်ဆောင်ထားသူ များသာဆိုတဲ့ လူနည်းနည်းလေး ရှိတဲ့လိုင်းကိုသွားလိုက်၊ PR ရဲ့မိဘဆိုပြီး ရထားတဲ့ နေထိုင်ခွင့်ကဒ်ပြားလေးပြလိုက်ရင် သူတို့ ကွန်ပျူတာ လေဆာနဲ့ စစ်တဲ့ စက်ထဲထည့်ကြည့်လိုက်ပြီး OK ဆိုရင်ပြီးရော။ ကဒ်ပြားလေးပြန်ယူပြီး အပြင်ထွက်သွား ရုံပဲ။ Passport ကို ဟိုလှန်ဒီလှန်၊ ဟိုမေးဒီမေး ပြဿနာ မရှိတော့ဘူး။ အတော့်ကို လွယ်ကူသွားတာ။ PR ရရင် ကိုယ်တင်မကဘူး၊ ကိုယ့်မိဘတွေပါ အဆင်ပြေတဲ့အကြောင်း ပြောပြတာပါ။ အဲလိုကဒ်ပြားလေး ရှိတော့ မိဘတွေကို စင်္ကာပူခေါ်ပြီး စိတ်အေးလက်အေး နေခိုင်းထားလို့ရတယ်။ ဟိုရုံးသွားရ၊ ဒီရုံးသွားရ တန်းစီပြီး ဗီဇာ၊ သက်တမ်းတိုးဆိုတဲ့ ဒုက္ခတွေ ကိုယ့်မိဘတွေ မခံစားရတော့ဘူးပေါ့။ PR ရဲ့ နောက် အခွင့်အရေးတစ်ခုကတော့ PR (၃)နှစ်ရရင် စင်္ကာပူနိုင်ငံသား (Citizen) လျှောက်ခွင့်ရှိပါတယ်။ အဲလို စင်္ကာပူနိုင်ငံသားဖြစ်သွားလို့ စင်္ကာပူ Passport ကို ပြောင်းကိုင်မယ်ဆိုရင်တော့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံ (၉ဝ) ကျော်ကို ဗီဇာမလိုဘဲ သွားခွင့်ရှိပါတယ်။ ဒါကြောင့် စင်္ကာပူပတ်စ်ပို့ဟာ မက်လောက်စရာ ပါ။ တရုတ်၊ အိန္ဒိယစတဲ့ နိုင်ငံတကာက လာကြ တဲ့လူတွေဟာ စင်္ကာပူနိုင်ငံသားအဖြစ်ကို အရမ်းလိုချင်ကြ တာ။ စင်္ကာပူ ဈျေစသမအ လေးနဲ့ ကမ္ဘာလှည့် ခရီးသွား၊ နေရာအနှံ့အပြားမှာ အလုပ်ရှာချင် ကြတာ။ အဲဒီမှာ မြန်မာတွေနဲ့ကွာတာပဲ။ စင်္ကာပူမှာ ရောက်ပြီး စင်္ကာပူ PR ရတာ (၁ဝ)နှစ်၊ အနှစ် (၂ဝ)ကျော် မြန်မာတွေ အများကြီးရှိပါတယ်။ ကျွန်တော်သိတဲ့ ကျွန်တော့်အသိုင်းအဝိုင်းကမြန်မာတွေက မြန်မာနိုင်ငံသား၊ မြန်မာ Passport ပဲ ကိုင်ထားပြီး စင်္ကာပူမှာ PR အနေနဲ့ပဲ နေကြပါတယ်။ ဘယ်သူမှ စင်္ကာပူနိုင်ငံသား လျှောက်ဖို့ဆိုတာ စိတ်လည်း မဝင်စားဘူး၊ စိတ်လည်း မကူးကြဘူး။ ဒါဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ ထူးခြားချက်ပါ။ ၂ဝဝ၆ ခုနှစ် မေလထုတ် ကလျာမဂ္ဂဇင်းထဲမှာ လူထုစိန်ဝင်းရဲ့ ဇာတိဆိုတာ ပျောက်ခဲတယ် ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါတယ်။ သူ့ဆောင်းပါးကို "ထနောင်းရွက်သုပ်ကလေးကို လွမ်းလိုက်တာ ......" ဆိုတာနဲ့ စထားပါတယ်။ သူက ရန်ကုန်မှာရောက်တာ ဘယ်လောက်ကြာကြာ အညာက ထနောင်းပွင့်သုပ်ကို မေ့လို့ မရတဲ့အကြောင်း ရန်ကုန်မှာ အနေကြာလည်း အညာကစိတ်တွေ မပျောက်နိုင်တဲ့ အကြောင်း "ဇာတိဆိုတာ ပျောက်ခဲနိုင်သားပဲ" လို့ ရေးထားပါတယ်။ လူထုစိန်ဝင်းဆောင်းပါး ကို ကျွန်တော်လုံးဝ ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ဒီလိုပါပဲ၊ နိုင်ငံခြားမှာ သွားနေဖို့ နေနေသာသာ၊ အညာသားစိတ်က မပျောက်နိုင်တော့ လူကြုံတိုင်း မန္တလေးက နန်းကြီးမုန့်တီကို တကူးတက ဒုက္ခခံပြီး မှာစား၊ မန္တလေးရောက်တိုင်း မေ့မရတဲ့ မန္တလေးမြီးရှည်ကို အပြေးအလွှားသွားစား၊ ကျွန်တော့်ဇာတိ ဝမ်းတွင်းမြို့နယ် တောင်ဘိုရွာက သင်ပုန်းပွင့်သုပ်ကို လှမ်းပြီးမှာစား လုပ်နေတာ၊ ဇာတိမပျောက်နိုင်တဲ့ သဘောတရားတွေပေါ့။ ကျွန်တော်တို့၊ လူထုစိန်ဝင်းတို့တင် ဇာတိမပျောက်တာလား ဆိုတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ မြန်မာတွေဟာ တိုင်းပြည်၊ လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ မြန်မာဓလေ့၊ မြန်မာစရိုက်၊ အစားအသောက် တွေကို တမ်းတမ်းတတ စွဲလန်းကြတဲ့သူတွေပါ။ ဒါကြောင့်ပဲ ထင်ပါရဲ့၊ စင်္ကာပူက မြန်မာတွေဟာ စင်္ကာပူမှာ PR နဲ့ပဲ နေကြ ထိုင်ကြ လှုပ်ရှားကြပြီး အချိန်တန်ရင် အမိမြန်မာနိုင်ငံကိုပဲ ပြန်လည် အခြေချနိုင်ဖို့ အားယူကြိုးပမ်းနေကြပါတယ်။ ဒါကြောင့် စင်္ကာပူရောက် မြန်မာတွေဟာ မြန်မာပြည်ကို ချစ်ကြတဲ့၊ လွမ်းကြတဲ့သူတွေလို့ပဲ ကျွန်တော် မြင်မိပါတယ်။

(နောက်လဆက်ဖတ်ပါရန်)
ပါမောက္ခခင်မောင်ဝင်း (အသည်း)






 

 
Book Marker

စာရေးသူ၏ ထွက်ခဲ့ပြီးသော စာအုပ်များ









Hit Counter

hits counter

We have 28 guests online
Web Site Designed by Myanmar Technology Gateway.